ပြီးခဲ့တဲ့အပတ်က စီစဉ်မထားဘဲ မိတ်ဆွေတွေနှင့် ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်လက်မှတ်တွေအများကြီး မေတ္တာလက်ဆောင်ရတဲ့ မိတ်ဆွေမိသားစုက အတူသွားကြည့်ဖို့ ခေါ်တာနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ ရုပ်ရှင်ကားနာမည်က "The Rebirth Of Buddha" တဲ့။ ပြီးခဲ့တဲ့လကတည်းက ဆိုင်းဘုတ်အကြီးကြီးတွေနှင့် ဘူတာတွေမှာ ကြော်ငြာထားတာတွေ တွေ့ နေရပါတယ်။ ရုပ်ရှင်နာမည်ခေါင်းစဉ်က ဆန်းနေတော့ စိတ်တော့ဝင်စားမိတယ်။ အခုတော့ ဟန်ကျသွားပြီး အလကားတောင် ကြည့်လိုက်ရပါသေးတယ်။
ရုပ်ရှင်က ကာတွန်းရုပ်ရှင် (Anime Movie) ပါ။ ဘာသာရေးနှင့် သိပ္ပံ ကို ရောမွှေထားတဲ့ဇာတ်လမ်းပါဘဲ။ ဘာသာရေးဆိုတာကလည်း ဒီနိုင်ငံက သူတို့ တွေရဲ့  လက်ခံထားတဲ့ ဘာသာရေးပုံစံပါဘဲ။ ဇာတ်လမ်းကို မင်းသမီး ကျောင်းသူကောင်မလေးက သူများတွေမမြင်ရတဲ့ ပရလောကသား သေပြီးသူတွေကို သူ့ မျက်စိထဲမှာ မြင်နေရတာကနေ စထားပါတယ်။ နောက်ပိုင်း ဂိုဏ်းဆရာနှစ်ဦးရဲ့  တန်ခိုးအစွမ်းပြမှုတွေ၊ တစ်ဦးက လူဆိုး တစ်ဦးက သူတော်ကောင်း။ လူဆိုးက တိုင်းပြည်နှင့် လူတွေကို သူ့ တန်ခိုးတွေသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားတာကို သူတော်ကောင်းဂိုဏ်းဆရာနှင့် မင်းသမီးတို့ အဖွဲ့ က ပြန်လည် ကယ်တင်ပေးရတဲ့ဇာတ်လမ်းပါ။ ပြောရရင်တော့ တရုတ်သိုင်းကားတွေပုံစံလိုမျိုး
ဒီဇာတ်ကားက ပြီးခဲ့တဲ့လမှာ ဂျပန်မှာဒုတိယ၀င်ငွေအကောင်းဆုံးကားလို့ ဆိုပါတယ်။ အနုပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ ရိုက်ကူးထားတာတွေကတော့ အထူးကောင်းမွန်ပါတယ်။ ကာတွန်းရုပ်ရှင်ဆိုပေမယ့်လို့  တကယ့်လူတွေနှင့်ရိုက်ထားသလိုမျိုးကို ခံစားရစေပါတယ်။ နောက်ဆုံးပိုင်းမှာ ဘုရားရှင်တရားဟောတဲ့အခန်းကို ကြည့်ရတာကတော့ တော်တော်လေးကို ပီပြင်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ နေကျ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်က နှုတ်ခမ်းတော်များလှုပ်ပြီး တရားဟောတဲ့ဟန်က ကြည့်ရတာ စိတ်ကြည်နူးဖို့ ကောင်းပါတယ်။
ကြည့်ရင်းနှင့် စိတ်ညစ်မိတာကတော့ ဇာတ်လမ်းရဲ့ ဘာသာရေးဆိုင်ရာ အယူအဆပိုင်းတွေပါဘဲ။ သူတို့ တွေဟာ ဗုဒ္ဓဘာသာရဲ့  နိဗ္ဗာန်အယူအဆကို နားမလည်တာကို သတိထားမိပါတယ်။ နောက်တစ်ခုက အလွန်အမင်း အံ့သြဖွယ်ရာတန်ခိုးဖန်ဆင်းမှုများ လုပ်ပြနိုင်ခြင်းကို တန်ဖိုးထားကြတာကိုလည်း တွေ့ ရပါတယ်။ Necktie နှင့် အနောက်တိုင်းဝတ်စုံကိုကျကျနန၀တ်ထားတဲ့ ဘုရားဝင်စားဆိုတဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီး ကျွန်တော်တော်တော်လေးတော့ ရယ်ချင်မိပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောသလိုဘဲ။ အဆိုးထဲကအကောင်းပေါ့။ ဒီလို နိုင်ငံကြီးတစ်ခုက မြတ်စွာဘုရားနှင့်ပတ်သတ်တဲ့အကြောင်းအရာတစ်ခုကို ကမ္ဘာသိအောင်လုပ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာကို သတိမထားမိသေးတဲ့သူတွေကိုတော့ မျက်စပစ်ပြလိုက်သလိုတော့ ဖြစ်သွားမှာအမှန်ပါဘဲ။ ကျန်တာကတော့ သူတို့ နှင့် ဗုဒ္ဓတရားတော်နှင့် ရေစက်ရှိသလောက်ပေါ့။
(ရုပ်ရှင်ကြော်ငြာကြည့်ဖို့  လင့်ခ်တွေပါ။)
http://www.youtube.com/watch?v=IHE-SY4C26o
http://www.youtube.com/watch?v=0gzCNf4neSc&NR=1


No comments:
Post a Comment