ဘုရားဂုဏ်တော် မြန်မာပြန်
မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီးဘုရားဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
ဣတိပိသော ဘဂ၀ါ အရဟံ၊
သမ္မာ သမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာ စရဏ သမ္ပန္နော၊
သုဂတော၊
လောက၀ိဒူ၊
အနုတ္တရောပုရိသ ဓမ္မသာရထိ၊
သတ္တာဒေ၀မနုဿနံ၊
ဗုဒ္ဓေါ၊
ဘဂ၀ါ။
အရဟံဂုဏ်တော် အဖွင့်
ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သော်မှ မပယ်နိုင်ရှာသည့် ဝါသနာအိုး ကိလေသာဆိုး အပူမျိုးတို့မှ အလွန့် အလွန် ပြတ်စဲဝေးကွာတော်မူလှသည်၏ အဖြစ်ကြောင့် အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်း ငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တစ်ထောင့်ငါးရာ ကိလေသာမှန် သူပုန်ရန်တို့ကို ဝါသနာပါမကျန်အောင် လေးတန်သော မဂ်လက်နက်ဖြင့် တွန်းလှန်ဖြိုဖျက်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အဝိဇ္ဇာပုံတောင်း ဆယ်ချောင်းကန့်ထောက် အို သေ ပျောက်ထာ အကွပ်ထားပြီး လှည်းဘီးပမာ စက်သံသရာ ၏ ဆယ်ဖြာသော အကန့်ထောက်ဆံတို့ကို မလည်နိုင်လောက်အောင်ပစ်ချိုးပြီး ဖျက်ဆီးပယ်နိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အလှူခံအမြတ်ဆုံးဖြစ်၍ လူသုံးဦးတို့ အထူးပူဇော် အလှူတော်အမျိုးမျိုးကို ကောင်းကျိုးဖြစ်စေရန် အလှူခံတော်မူထိုက်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ပညာရှိယောင်ယောင် ဟန်ဆောင်သူယုတ်မာများကဲ့သို့ မကောင်းမှု အကုသိုလ် ပြုလုပ်စရာ ဆိတ်ကွယ်ရာ အရပ်မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သင်္ကန်းစွန်းကိုင်ခါ ထက်ကြပ်မကွာ နောက်တော်က လိုက်ပါငြားသော်လည်း တရားပျက်ပြား ကြသည့် သူယုတ်မာများနှင့် အလွန်တစ်ရာဝေးကွာခြားတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ယူဇနာတစ်ရာ ဘုရားနှင့် ဝေးကွာခြားပါသော်လည်း တရားမြင်ကြသည့် သူတော်စင်တို့နှင့် အလွန်တရာပင် နီးကပ်နေတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
မကောင်းကျိုးလည်းဆောင် ကမ္မဋ္ဌာန်းဘောင်နှင့်လည်း ဆန့်ကျင်ပါသဖြင့် သူတော်စင်တို့အကျင့် ပြည့်စုံ ဘို့ရာဝေးစွာကပင် ပယ်စွန့်ထားအပ်သည့် အကုသိုလ်တရား မရှိငြားသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တရားကိုမြင်ကြသည့် အရိယာအရှင် ကလျာဏပုထုဇဉ်တို့ အမြဲပင်မပြတ် မစွန့်အပ် မစွန့်နိုင်သည်၏အဖြစ် ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဘဝသံသရာမှာ တဖန် ပြောင်းရွေ့သွားလာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဘုရားဂုဏ်အရပ်ရပ်ကို ခွဲခြားဝေဖန်၍ ဟောတော်မူအပ်သည်ရှိသော် ဘုရားကိုယ်တော်တောင်မှ ဂုဏ်တော် ကို ကုန်စင်အောင် မဟောနိုင်ပါကလားဟု ပညာရှိအများချီးမွမ်းပြောကြားအပ်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။


No comments:
Post a Comment