(ဘုရားဂုဏ်တော် အဆက်...)
သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် အဖွင့်
ကိစ္စလေးပါး ခွဲဝေငြား၍ လေးပါးသစ္စာ ညေယျအဖြာဖြာကို လက်ပေါ်မှာတင်ထားသည့် မျက်ရှင်ပတ္တမြား ကဲ့သို့ ထင်ရှားပိုင်ပိုင် ကိုယ်တော်တိုင်သာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ် ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
တရားတစ်ခု လေးခုသစ္စာ ဝေဖန်ကာဖြင့် စိတ်ဖြာပေါင်းစည်း အစဉ်မှီးပြီး တစ်ကြိမ်တည်းသာ လိုရာမကျန် ဖေါက်ပြန်မရှိ မိမိအလိုလိုသာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော် အဖွင့်
အကျဉ်းး မိမိနှင့်ဆိုင်ရာကို ပိုင်နိုင်စွာ သိနိုင်သည့် သုံးပါး-ရှစ်ပါး ဝိဇ္ဇာဉာဏ်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတရား စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံလုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အကျယ်း ရှေးဘဝက နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို လိုသလိုသိမြင်နိုင်သည့် ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်၊ အာသဝေါလေးတန် အမှန်ကုန်ခမ်း စေနိုင်သည့် အာသဝက္ခယဉာဏ်၊ အဝေးကွယ်ရာ သိမ်မွေ့နူးညံ့လှစွာသော အဆင်းကို လိုသလိုမြင်နိုင်သည့် ဒိဗ္ဗစက္ခုဉာဏ်၊ ဤဉာဏ်သုံးတန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်သည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
အဝေးကွယ်ရာ သိမ်မွေ့ နူးညံ့လှစွာသော အသံကို လိုသလိုကြားနိုင်သည့် ဒိဗ္ဗသောတဉာဏ်၊ သူတစ်ပါး၏စိတ်ကို လိုသလိုသိမြင်နိုင်သည့် ပရစိတ္တ ဝိဇာနနဉာဏ်၊ ဉာဏ်ပေါင်းစုံပေးလျက် ရင့်ကျက် နက်နဲ ခက်ခဲ သိမ်မွေ့ပါသဖြင့် သူတကာနှင့်မတူ နည်းမျိုးစုံ ရှုနိုင်သည့် ဝိပဿနာဉာဏ်၊ တန်ခိုးအမျိုးမျိုး တို့ကို လိုသလိုဖန်ဆင်းနိုင်သည့် ဣဒ္ဓိဝိဓဉာဏ်၊ မိမိကိုယ်တွင်းမှာ ခန္ဓာကိုယ်တစ်ခုကို ဈာန်စိတ်ဖြင့် ပြုလုပ်နိုင်သည့် မနောမယသိဒ္ဓိဉာဏ် ဤရှစ်တန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။
သီလမျိုးစုံ လုံခြုံတော်မူသည့် သီလသံဝရဂုဏ်၊ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ် မဝင်နိုင်လောက်အောင် စောင့်ရှောက်တော်မူနိုင်သည့် ဣနြ္ဒိယဂုတ္တဒွါရတာဂုဏ်၊ ကောင်းမြတ်သော အာဟာရ၌သော်လည်း အတိုင်းအရှည်ကို သိတော်မူလေ့ရှိသည့် ဘောဇနေမတ္တညုတဂုဏ်၊ မိုးသောက်ယံကို သုံးပုံပုံကာ အလယ်အပုံ၌သာ ကျိန်းစက်တော်မူပါသဖြင့် နိုးကြားထကြွ လုံ့ လရှိတော်မူသည့် ဇာဂရိယာနုယောဂဂုဏ်၊ သဒ္ဓါ သတိ ဟိရိ ဩတ္တပ္ပဗာဟုဿစ္စ ဝိရိယ ပညာ သူတော်ကောင်းတရား (၇)ဖြာကိုယ်တော်မှာရှိသည့် သဒ္ဓမ္မဉာဏ်၊ ရူပဈာန်လေးဖြာ ကိုယ်တော်မှာရှိသည့် ဈာနိကဂုဏ်၊ ဤဂုဏ်တစ်ဆယ့်ငါး စရဏတရားနှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။


No comments:
Post a Comment